Gmail Account တစ်ခု ဆောက်နည်း
ယနေ့ခေတ်မှာ
Internet ဆိုတဲ့ ဝေါဟာရဟာ လူတိုင်းနဲ့ သိပ်ပြီး မစိမ်းတော့ပါဘူး။
ဒီလိုပါပဲ Internet ကို ထိတွေ့ဖူးတဲ့ လူတွေဟာလည်း Gmail, Gtalk ဆိုတာတွေနဲ့
မစိမ်းပါဘူး။ အင်တာနက်နဲ့ ရင်းနှီးကျွမ်းဝင်မိသူတိုင်းမှာ Google ရဲ့
ကမ္ဘာကျော် Free Service ကြီးဖြစ်တဲ့ Gmail Account တစ်ခုစီတော့ဖြင့်
ပိုင်ဆိုင်ထားကြပါတယ်။
ကျနော့်
အနေနဲ့ ယခု တင်ပြမယ့် Gmail Account ဆောက်နည်း ဆိုတာကလည်း ကိုယ်တိုင်
မဆောက်တတ်သူတွေအတွက် အဓိက ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ သိပြီး တတ်ပြီးသား
သူတွေအတွက်တော့ “ဒါလေးများ” ဆိုပြီး ပေါ့ပျက်ပျက် ဖြစ်တတ်ပေမယ့်လို့လည်း
မသိသေး၊ မတတ်သေး သူတွေအတွက်တော့ “ဒီလိုပါလား၊ ကလိကြည့်ဦးမှ” ဆိုပြီး
ဝမ်းသာအားရ ဖြစ်တတ်ပါတယ်။ ဒါကလည်း ဓမ္မတာ သဘောပါပဲ။
ကျနော့်
အကြောင်းကို နည်းနည်းလေး ပြောခွင့်ပြုပါ။ အင်တာနက် …။ ဒီ အင်တာနက်
ဆိုတာကြီးကို ၂၀၀၉ ခုနှစ် ကျော်ကျော်မှ သိခွင့်ရခဲ့ပါတယ်။ အရင်တုန်းကဆိုရင်
“အင်တာနက် ကဖေး” ဆိုတဲ့ ဆိုင်တွေကိုတောင် ကော်ဖီဆိုင်လို့ပဲ သိခဲ့တဲ့
လူတစ်ယောက်ပါ။ ရီစရာတစ်ခု ပြောပါဦးမယ်။ သူငယ်ချင်းတွေ ပြောပြော နေတာတွေကို
အားကျမိလို့ တစ်ခါက ဆူးလေး ဘုရားနား လမ်းသလားနေတုန်းမှာ အင်တာနက် ကဖေး
ဆိုင် တစ်ဆိုင်တွေ့တာနဲ့ ဘာဖြစ်ဖြစ်ကွာ ဆိုပြီး ဆိုင်ထဲကို
ဝင်သွားလိုက်ပါတယ်။ ဆိုင်ထဲရောက်တော့ ကွန်ပျူတာတွေကို တွေ့ပါတယ်။ ဒါနဲ့
လွတ်နေတဲ့ ကွန်ပျူတာ တစ်လုံးမှာ ထိုင်ပါတယ်။ သိသလိုလို စတိုင်နဲ့ ခပ်တည်တည်
ပါပဲ။
ဒါနဲ့
ဘာလုပ်လဲဆိုတော့၊ ကွန်ပျူတာသုံးရင် ကစားနေကျ ဖဲဂိမ်းကို ထိုင်ဆော့ပါတယ်။
အဲ့ဒီအခါမှာ သူတို့ ပြောနေတဲ့ စကားတွေကို ဟောဒီလို ကြားရပါတယ်။
“ကွန်နက်ရှင် မရဘူး” … တဲ့။ ကျနော့်ကို ပြောတာတော့ မဟုတ်ပါဘူး။ သူတို့
အချင်းချင်း ပြောနေကြတာပါ။ ဒီလိုနဲ့ ခဏနေတော့ ကျနော်လည်း ဂိမ်းဆော့ရတာ
ပျင်းတာနဲ့ ထလာခဲ့ပါတော့တယ်။ ခပ်တည်တည်ပါပဲ။ ပိုက်ဆံတောင် မပေးခဲ့ပါဘူး။
အဲ့ဒီအချိန်တုန်းက သူတို့ လိုက်မတောင်းလို့သာ တော်သေးတယ် ပြောရပါတယ်။ ဒါက
ရီစရာလေးပါ။
ပထမဆုံး
Gmail Account ကို သူငယ်ချင်းတစ်ယောက်က ဆောက်ပေးလို့ ရခဲ့ပါတယ်။
ဒါပေမယ့်လို့လည်း ကျနော်က မသုံးတတ်တော့ နောက်ပိုင်း မေ့သွားခဲ့ပါတယ်။
ဒီလိုနဲ့ အင်တာနက် ကုမ္ပဏီတစ်ခုမှာ အလုပ်စဝင်တော့ Gmail ဆိုတာကို ရင်းနှီး
လာခဲ့ပါတယ်။ ဒါနဲ့ Gmail တစ်ခုကို ဟိုမေးဒီမေးနဲ့ ဆောက်ခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ မကျေနပ်ချက်နဲ့ Account တွေ တစ်ခုပြီးတစ်ခု
ဆောက်တော့တာပါပဲ။ နောက်ဆုံး အကောင့်တွေ များလာလို့ သူငယ်ချင်းတွေကို
တစ်ခုစီ ပေးလိုက်ရပါတယ်။
လေရှည်တာ
နည်းနည်း များသွားပါပြီ။ ကျနော့်တုန်းကလို Gmail အကောင့် တစ်ခုကို
စမ်းတဝါးဝါးနဲ့ မဆောက်ရလေအောင်လို့ ကျနော် သိထားပြီးဖြစ်တဲ့ Gmail အကောင့်
ဆောက်ပုံကို ပြောပြပေးပါမယ်။ ပထမဆုံး အနေနဲ့ Browser ရဲ့ Address Bar မှာ gmail.com ဆိုတာကို ရိုက်ပြီး ဖွင့်လိုက်ပါ။
Pic-1
Gmail
ရဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ ဒီအခါ ညာဖက် အပေါ်နားမှာ ရှိတဲ့
Create An Account ဆိုတဲ့ အနီရောင် Button ကြီးကို နှိပ်လိုက်ပါ။
Pic-2
Form ဖြည့်ရမယ့် နေရာကို ရောက်ပါပြီ။ အောက်က ပုံထဲမှာ နံပါတ်တွေနဲ့ ပြထားပါတယ်။
၁။ ကိုယ့်ရဲ့ ပထမ နာမည်ကို ရိုက်ထည့်ပါ။
၂။ ကိုယ့်ရဲ့ ဒုတိယ နာမည်ကို ရိုက်ထည့်ပါ။
(ဥပမာ
– နာမည်က ကောင်းကျော် ဆိုပါတော့။ ဒါဆို ပထမ နေရာမှာ ကောင်း၊ ဒုတိယ နေရာမှာ
ကျော်။ ဒီလိုလည်း ထည့်လို့ ရသလို၊ ကိုယ်က ယောက်ျားလေးဆိုရင် ပထမနေရာမှာ
မောင်၊ ဒုတိယ နေရာမှာ ကောင်းကျော် ဒီလိုလည်း ထည့်လို့ ရပါတယ်။ အဆင်ပြေသလို
ထည့်ပေးလိုက်ပါ။)
၃။
ဒီနေရာမှာ ကိုယ်ရယူချင်တဲ့ အကောင့် နာမည်ကို ရေးပေးရပါမယ်။ အကယ်၍
ကိုယ်လိုချင်တဲ့ နာမည်က မရဘူး ဆိုရင် သူက မရကြောင်းကို အောက်မှာ
ဖော်ပြပေးပါလိမ့်မယ်။ ရတယ်ဆိုရင်တော့ ဘာမှ မပြပါဘူး။
၎။
ဒီနေရာမှာ လျှို့ဝှက် နံပါတ်ကို ထည့်ပေးရပါမယ်။ ကိုယ်ပေးချင်တဲ့ နာမည်၊
နံပါတ် တွေကို ပေးပါ။ အကောင်းဆုံးကတော့ စာနဲ့ ဂဏန်းတွေကို တွဲဖက်ပြီး ပေးတာ
ပိုကောင်းပါတယ်။ ကိုယ့်ရဲ့ password အနေအထားက အားကောင်းလား၊ အားနည်းလား
ဆိုတာကိုလည်း ဘေးမှာ ပြပေးပါတယ်။ ပက်စ်ဝှက်ကို အနည်းဆုံး ၆ လုံး ပေးရပါမယ်။
၅။ အပေါ်က ပက်စ်ဝှက် ကိုပဲ ထပ်ပြီး ထည့်ပေးရပါမယ်။
၆။ ၇။ ၈။ ဒီနေရာတွေမှာတော့ ကိုယ့်မွေးနေ့ကို လ၊ ရက်၊ နှစ် အစဉ်အတိုင်း ဖြည့်ပေးလိုက်ပါ။
၉။ ဒီနေရာကတော့ ယောက်ျား၊ မိန်းမ ရွေးပေးရမယ့် နေရာပါ။ ယောက်ျားဆို Male, မိန်းမဆို Female ပေါ့။
Gmail Form ဖြည့်ရန် – ၁
ဒီလို ပေါ်လာရင် မရသေးပါဘူး
ဖြည့်ရမယ့် နမူနာ ပုံစံပါ
၁၀။ ဖြည့်ဖို့ မလိုအပ်ပါဘူး။
၁၁။ အခြား ရှိပြီးသား အီးမေးလ် တစ်ခုကို ဖြည့်ပေးရပါမယ်။ အကယ်၍ မရှိဘူး ဆိုရင်ဖြင့် mgdo.test@gmail ဆိုတာကို ဖြည့်ပေးလိုက်ပါ။
၁၂။
အပေါ်မှာ ပြထားတဲ့ မထင်မရှား စာတွေကို မှန်အောင် ရိုက်ထည့်ပေးရပါမယ်။
ဒီအခါမှာ ရှေ့စာလုံးနဲ့ နောက်စာလုံးကြားမှာ space ခြားပါ။ အကယ်၍ ပြထားတာကို
မဖတ်တတ်ရင် မြှားအဝိုင်းပုံစံလေးကို နှိပ်လိုက်ပါ။ ဒါဆို နောက်အသစ်
တစ်မျိုးကို ထပ်ပြပေးပါလိမ့်မယ်။
၁၃။ အဲ့ဒီနေရာမှာ ကလစ်နှိပ်ပြီး ခေါက်လေး ခြစ်ပါ။
၁၄။ အားလုံး ဖြည့်ပြီးသွားရင် ဒီနေရာကိုသာ နှိပ်လိုက်ပါ။
Form – 2
ဖြည့်ရမယ့် နမူနာ ပုံစံ – ၂
အကယ်၍များ
နောက်ပေါ်လာတဲ့ စာမျက်နှာဟာ Verify Your Account ဆိုပြီး ပေါ်လာခဲ့ရင်ဖြင့်
ဖုန်းနံပါတ်ကို ရိုက်သွင်းပေးရပါတယ်။ အဲ့ဒီအခါ Gmail ကနေပြီး
ကိုယ့်ဖုန်းထဲကို code ပို့ပေးပါလိမ့်မယ်။ ဒါကိုတော့ ကျနော် မသုံးဘူးပါဘူး။
ဟန်းဖုန်းမှ မကိုင်နိုင်သေးဘဲကိုးဗျ။ ဒီလို ပေါ်လာခဲ့ရင် ကျနော့်အနေနဲ့
နောက်ထပ် browser တစ်ခု ပြောင်းပြီး ထပ်ဖွင့်ကြည့်ပါတယ်။ ဥပမာ – ပထမဟာကို
Firefox နဲ့ ဖွင့်လို့ အဲ့ဒီလို ပေါ်လာခဲ့ရင် Chrome နဲ့ ပြောင်းပြီး
ဖွင့်ကြည့်ပါတယ်။
ဒီလို ပေါ်လာခဲ့ရင်ပေါ့။
အောက်ကလို
ပေါ်လာခဲ့ရင်တော့ အဆင်ပြေပါပြီ။ ပုံမှာ ပြထားတဲ့အတိုင်း Next Step ကို
နှိပ်လိုက်ပါ။ ပြီးရင် သူ့အောက်က ပုံထဲမှာ ပြထားတဲ့အတိုင်း Continue to
Gmail ကို နှိပ်လိုက်ပါ။ ဒါဆို ကိုယ့်ရဲ့ Gmail ကို ရောက်သွားပါလိမ့်မယ်။
ဒီလိုနဲ့ Gmail Account တစ်ခုကို လွယ်လင့်တကူ အောင်မြင်စွာ ဖွင့်လို့ ရသွားနိုင်ပါပြီ။
ဒီလို ပေါ်ရင် အဆင်ပြေပါပြီ
ဆက်နှိပ်လိုက်ပါ။
ဒီလို ရောက်ပြီဆို အောင်မြင်စွာနဲ့ ပြီးဆုံးပါပြီ
=================================
No comments:
Post a Comment